
Free-IQTest.net – What’s your IQ?
My IQ Score
September 17, 2009 by sandahaungဝေစားမျှစား
May 25, 2009 by sandahaung
ပရိုဂရမ်မာတစ်ယောက်ရဲ့ ဘ၀မှာ မကြာခဏဆိုသလို ကိုယ်သိထားတဲ့ အသိကို သူများကို မျှဝေပေးရတာမျိုးတွေ ရှိလာတတ်ပါတယ်။ တစ်ခါတစ်လေကျတော့ ကိုယ်က ခက်ခက်ခဲခဲ ရှာဖွေထားရတာကို အလွယ်တကူ မပြောပြချင်တဲ့စိတ်တွေ ဖြစ်လာမိပါတယ်။ ဒီအခါမှာ မျှဝေသိရှိခြင်းဆိုတဲ့ အယူအဆကို ဆိုကရေးတီး၊ အရစ်စတိုတယ်၊ ပလေတို အစရှိတဲ့ ပညာရှိကြီးတွေ မကျင့်သုံးခဲ့ရင် လူသားတွေရဲ့ အသိပညာဟာ ဘယ်လိုရှိနေလိမ့်မလဲလို့ တစ်ခါတစ်လေ တွေးမိပါတယ်။ ကျွန်တော် တစ်ခါတစ်ရံမှာ အသိတစ်ခုကို သူများနဲ့ မျှဝေဖို့ တွန့်ဆုတ်လာရင် ဆရာဖိုးနိုင်ဝင်း ပြောဖူးတဲ့ စကားတစ်ခွန်းကို အမှတ်ရမိပါတယ်။ “မြတ်စွာဘုရားတောင်မှ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းလုံး ပါရမီဖြည့်ကျင့်လို့ ရလာတဲ့ အသိတွေကို အခမဲ့ ဟောပြောခဲ့တာ ခင်ဗျားတို့ ကျွန်တော်တို့ ဒီလောက်ကလေး ကြိုးစားပြီး သိလာတာတွေကို ဘာလို့ သူများနဲ့ မမျှဝေနိုင်ရမှာတဲ့လဲ” တဲ့။
Google က GWT 1.5 ကို ဖြန့်မည်
May 27, 2008 by sandahaungဆော့ဖ်ဝဲရေးသားသူတွေနဲ့ ပြုလုပ်မယ့် ကွန်ဖရင့်မှာ Google ဟာ Google Web Toolkit ရဲ့ နောက်ဆုံး version ကို ထုတ်ပြမယ်လို့ မျှော်လင့်ရပါတယ်
Google ဟာ ဒုတိယအကြိမ်မြောက် ဆော့ဖ်ဝဲရေးသားသူ ကွန်ဖရင့်ကြီးကို မေလ ၂၈ နဲ့ ၂၉ မှာ ကျင်းပပြီး Google ပလက်ဖောင်းနဲ့ သက်ဆိုင်တဲ့ နည်းပညာသစ်တွေ၊ ၀န်ဆောင်မှုသစ်တွေနဲ့ ရေးသားသူတွေအတွက် အကြံပေးချက်တွေကို ကြေညာသွားပါလိမ့်မယ်။
Google I/O လို့ လူသိများပြီး ဆန်ဖရန်စစ္စကိုမှာလုပ်မယ့် ဒီပွဲမှာ မြင်တွေ့ရမယ့် နည်းပညာတစ်ခုကတော့ GWT version အသစ်တစ်ခုဖြစ်ကြောင်း ပြောစကားတွေအရ သိရပါတယ်။ GWT 1.5 ကို ရရှိနိုင်ကြောင်း Google က ကြေညာပါလိမ့်မယ်။
Google Web Toolkit ကို သုံးပြီး Java သမားတွေဟာ AJAX (Asynchronous JavaScript and XML) ဆော့ဖ်ဝဲတွေကို Java ဘာသာစကားနဲ့ အလွယ်တကူ ရေးသားနိုင်ပါတယ်။
“GUI ကို Java နဲ့ ရေးလိုက်ရင် GWT ဟာ source code ကို အင်မတန်ကျစ်လျစ်တဲ့ JavaScript code အဖြစ် compile လုပ်ပေးတယ်” လို့ Google ရဲ့ website မှာ ရေးထားတာ တွေ့ရတယ်။ “ဒီကနေ့မှာ web application တွေကို ရေးသားရတာဟာ အင်မတန် ပျင်းစရာကောင်းပြီး အမှားများတဲ့ အလုပ်ပါ။ အလုပ်လုပ်တဲ့ အချိန်ရဲ့ ၉၀ ရာခိုင်နှုန်းကို browser ကွာဟချက်တွေ လိုက်ညှိရင်း ကုန်ဆုံးရတယ်။ JavaScript ကို အပိုင်းတွေပိုင်းပြီး ရေးလို့မရတာကြောင့်လည်း AJAX အစိတ်အပိုင်းတွေကို မျှသုံးလို့၊ စမ်းသပ်လို့နဲ့ ပြန်သုံးလို့ မရစေဘူး။ အမှန်မှာတော့ ဒီလိုဖြစ်စရာ မလိုပါဘူး။”
GWT 1.5 ကို ကြေညာမယ့် အကြောင်းကို ထည့်ပြောမသွားပေမယ့် GWT ရဲ့ နည်းပညာပိုင်းကို ဦးဆောင်နေသူ Bruce Johnson က ပြောတာကတော့ Google အနေနဲ့ ပြုလုပ်နိုင်ခဲ့တဲ့ တိုးတက်မှုတစ်ခုဟာ (generics နဲ့ annotation တွေ အပါအ၀င်) “Java 5 စနစ်ကို အပြည့်အ၀ ထောက်ပံ့နိုင်တာပါပဲ။”
အကြီးအကျယ်တိုးတက်လာတဲ့ ကိစ္စရပ်နောက်တစ်ခုကတော့ အမြန်နှုန်းပါပဲ။ “GWT 1.5 မှာ compiler ကနေ အလျင်မြန်ဆုံး code တွေကို ထုတ်ပေးနိုင်အောင် လုပ်ပေးထားတယ်” လို့ Johnson က ဆိုပါတယ်။ သူက ထပ်ပြောတယ် “အမြန်နှုန်းက အရေးကြီးပါတယ်။ GWT ရှိရင် လှပတဲ့ Java code ကို အခြေခံပြီး လက်နဲ့ရေးတဲ့ JavaScript code ထက် ပိုပြီးမြန်ဆန်တဲ့ JavaScript အဖြစ် compile လုပ်နိုင်တယ်။”
ဒါ့အပြင် ဒီကနေ့မှာ အရေးပါတဲ့ ဘယ် application မဆိုကို browser အတွက် ရည်ရွယ်ပြီး ရေးသားလာတယ်လို့ Johnson က ပြောပါတယ်။ “AJAX ပေါ်လာတာနဲ့အတူ “browser ထဲမှာ ပိုမိုလုပ်ကိုင်နိုင်စွမ်းကို အလေးထားလာတယ်။ ဒါပေမယ့် JavaScript မှာ browser တွေရဲ့ ကွာခြားချက်တွေရှိနေတော့ ဒီအလုပ်ဟာ မိုင်းရှောင်ရသလိုပဲ”လို့ Johnson က ရှင်းပြတယ်။
ဒီကွာခြားချက်တွေကို လိုက်ဖြေရှင်းရတာဟာ အချိန်ကို အကျိုးရှိရှိ အသုံးချတာ မဟုတ်ဘူးလို့ သူကပြောတယ်။ “ဒီတော့ အထောက်အကူ ကိရိယာတစ်ခုကို တီထွင်ဖို့ လိုအပ်မှန်း သိလာတယ်။ GWT ဟာ ရှိပြီးသား အထောက်အကူတွေပေါ်မှာ အခြေတည်ထားတယ်။”
Google က GWT အတွက် API တွေကိုလည်း ထည့်ပေးထားသေးတယ်။ ဒီအထဲမှာ Google ရဲ့ online/offline browser plugin ဖြစ်တဲ့ Gears အတွက် API တွေလည်းပါတယ်။ “ခင်ဗျားရဲ့ အွန်လိုင်းဆော့ဖ်ဝဲတွေကို Gears နဲ့ တွဲသုံးနိုင်အောင် အသင့်သုံး အောက်ခြေအဆင့် JavaScript API တွေကို ထည့်ပေးထားတယ်။”
အနာဂတ်မှာ GWT အတွက် အဓိကထားပေးမယ့် ကိစ္စရပ်တွေထဲမှာ ပလက်ဖောင်းအတွက် ပိုမိုကောင်းမွန်တဲ့ အထောက်အကူတွေ ပါဝင်ပါတယ်။ GWT ဟာ လက်ရှိတော့ အထင်ကရ IDE အားလုံးနီးပါးကို အထောက်အပံ့ပြုပါတယ်။ ဒါပေမယ့် အလေးထားသင့်တဲ့ ဧရိယာတစ်ခုကတော့ Eclipse IDE မှာ open source ရေးသားရတဲ့ အလုပ်ကို ပိုမိုပြီး လွယ်ကူလာအောင် plug-in ရေးသားပေးဖို့ပါပဲ။ Google ဟာ ပိုမိုမြန်ဆန်တဲ့ code တွေထုတ်ပေးနိုင်အောင် compiler ကို အဆင့်မြှင့်ဖို့ အပါအ၀င် တခြားကိစ္စတွေကိုပါ ဆက်လက်ဆောင်ရွက်နေတယ်လို့ Johnson ရဲ့ ပြောစကားအရ သိရပါတယ်။
GWT ကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံသုံးစွဲလာကြောင်းကိုလည်း Johnson က ဆိုပါတယ်။ “GWT ကို သုံးပြီးရေးသားတဲ့ application တွေရဲ့ အရည်အသွေးနဲ့ အောင်မြင်မှုကို တိုင်းတာပါတယ်” လို့ download တွေ သန်းချီလုပ်နေကြတဲ့ကြားက Johnson က ပြောတယ်။
Lombardi ဟာ Google ရဲ့ tool ကို သုံးပြီး စိတ်ဝင်စားစရာကောင်းတဲ့ နည်းပညာကို တည်ဆောက်နိုင်ခဲ့သူပါ။ Lombardi ဟာ သူတို့ရဲ့ ဖောက်သည်တွေကို စီးပွားရေးလုပ်ကိုင်နည်းတွေကို တိုးတက်ကောင်းမွန်အောင် လုပ်ရာမှာ အကူအညီပေးတဲ့ BPM (business process management) နည်းပညာနဲ့ ၀န်ဆောင်မှုတွေကို ပံ့ပိုးပေးပါတယ်။ Lombardi ရဲ့ ထုတ်ကုန်တွေဟာ open ဖြစ်တဲ့ စံချိန်စံညွှန်းတွေကို အခြေခံထားပြီး စီးပွားရေးဖြစ်စဉ်တွေကို အရေးပါမှုအဆင့်ခွဲခြားတာ၊ ကြိုတင်စီမံတာ၊ ကြည့်ရှုတာနဲ့ ထိန်းချုပ်တာတွေကို လုပ်နိုင်စေပါတယ်” လို့ ဒီကုမ္ပဏီရဲ့ စီနီယာ မားကတ်တင်း ဒါရိုက်တာ Wayne Snell က ပြောပါတယ်။
Snell က Lombardi မှာ GWT သုံးရခြင်းအကြောင်းကို ဒီလိုရှင်းပြပါတယ်။ “GWT က ကျွန်တော်တို့ရဲ့ အင်ဂျင်နီယာတွေကို ရှိပြီးသား Java အထောက်အကူတွေနဲ့ အရည်အချင်းတွေကိုသုံးပြီး အမှန်တကယ် အင်တာပရိုက် အဆင့်အတန်းမီတဲ့ Web 2.0 ဆော့ဖ်ဝဲတွေကို မြန်မြန်ဆန်ဆန် ရေးသားနိုင်စေပြီး အလွယ်တကူ ထိန်းသိမ်းနိုင်စေတဲ့ အကောင်းဆုံး ပလက်ဖောင်းပါ။”
လွန်ခဲ့တဲ့ နှစ်နှစ်လောက်က Lombardi ဟာ BPM ဈေးကွက်အတွက် ထုတ်ကုန်အသစ်တစ်ခုကို စတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီထုတ်ကုန်ဟာ သုံးစွဲရလွယ်တဲ့ စီးပွားရေးဖြစ်စဉ် မိုဒယ်လုပ်နည်းကို ၀ီကီဆန်ဆန် တွဲဖက်လုပ်ကိုင်နည်းနဲ့ ပေါင်းစပ်ပြီး ဖြစ်စဉ်တွေကို မှတ်တမ်းတင်နိုင်စေပါတယ်။ အဲဒီအချိန်က ဈေးကွက်မှာ လုပ်ရိုးလုပ်စဉ် client-server နည်းတွေနဲ့ ပြည့်နှက်နေပြီး သုံးစွဲသူတွေဟာ ဆော့ဖ်ဝဲကို မိမိစက်ပေါ်မှာ သွင်းထားရသလို တခြားသုံးစွဲသူတွေနဲ့ တွဲပြီးအလုပ်လုပ်ချင်ရင် ဆာဗာတွေကိုလည်း ဆင်ထားရပါတယ်။
“ဒါနဲ့ ကျွန်တော်တို့ Lombardi Blueprint လို့ခေါ်တဲ့ ကမ္ဘာ့ပထမဆုံး Web 2.0 နည်းပညာသုံး စီးပွားရေးဖြစ်စဉ် မိုဒယ်လုပ်နည်း အထောက်အကူ ဆော့ဖ်ဝဲကို ဒီဇိုင်းထုတ်ခဲ့ပါတယ်” လို့ Snell က ဆိုတယ်။ “ကျွန်တော်တို့ လိုချင်ခဲ့တဲ့အရာတွေက အသုံးပြုသူအတွက် မြန်ဆန်ရမယ်၊ အသွားအပြန်ရှိရမယ်၊ စီးပွားရေးလုပ်ကိုင်နေသူ ဘယ်သူမဆို နားလည်နိုင်ရမယ်။”
မနက်ခင်းကို ရင်ဆိုင်ချင်တယ်
April 15, 2008 by sandahaung“Three passions, simple but overwhelmingly strong, have governed my life: the longing for love, the search for knowledge, and unbearable pity for the suffering of mankind.”
-Bertrand Russell
Bertrand Russell လိုပဲ ကျွန်တော့်မှာ ဘ၀ကို နေထိုင်ဖို့ တွန်းအားပေးခဲ့တဲ့ အရာသုံးခုရှိခဲ့ပါတယ်။ ဒါတွေကတော့ တစ်နေ့နေ့မှာ ကျွန်တော့်ကို အရှိအတိုင်းချစ်ခင်မယ့် လူတစ်ယောက်ရှိလာလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်၊ အသစ်အသစ်တွေကို အမြဲမပြတ် ဦးနှောက်စား ဖန်တီးလိုတဲ့ စိတ်လိုအပ်ချက်နဲ့ မြန်မာနိုင်ငံက ကျွန်တော့်လိုလူတွေကို ကျွန်တော်ရင်ဆိုင်ခဲ့ရတဲ့ သောကတွေကနေ လွတ်မြောက်စေချင်တဲ့ စေတနာဖြစ်ပါတယ်။
ဆရာကြီး Russell ကတော့ သူ့ဘ၀ကို သူပြောသလိုနေထိုင်ခဲ့ပါတယ်။ ကျွန်တော်ကတော့ ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့ ဘ၀နဲ့ အသက်ဆက်နေရပါတယ်။ လောကမှာပိုက်ဆံရှာရတာ မခက်ပါဘူး။ မြန်မာပြည်မှာ ပိုက်ဆံရှာရ ပိုလွယ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ပညာကို အရင်းပြုပြီး သမာအာဇီဝနဲ့ စီးပွားရှာရတာဟာ တော်တော့ကို မလွယ်ပါဘူး။ မသေချာတာတွေများတဲ့ ဘ၀မှာ မနက်ခင်းနိုးလာတိုင်း တစ်နေ့တာကို ဘာတွေယုံကြည်ပြီး ဖြတ်သန်းရမှန်းမသိတာဟာ အဓိပ္ပာယ်မဲ့လွန်းပါတယ်။
ကိုယ့်ရဲ့အနာဂတ်တောင် ဘယ်ဆီနေမှန်းမသိတဲ့ လူတစ်ယောက်ဟာ ဘာတွေကိုလုပ်ပြီး ဘယ်သူ့ကို ဦးဆောင်နိုင်မှာလဲ။ မနက်ဖြန်ကြရင် မနက်ခင်းကို အဓိပ္ပာယ်ရှိစေချင်တယ်။ နားလည်မှုတွေကို မျှော်လင့်ချင်တယ်။ Java ကို ယုံကြည်ချက်အပြည့်နဲ့ ကြိုးစားချင်တယ်။ ကျွန်တော့်လိုလူတွေကို ခွန်အားတွေပေးချင်တယ်။ ဒီမနက်ဖြန်ကို ဘယ်တော့ရနိုင်မှာလဲ။
Blu-ray အောင်ပွဲခံ
February 21, 2008 by sandahaungဒီဗီဒီဖောမက် စစ်ပွဲကြီးဟာ တရားဝင် ပြီးဆုံးသွားပါပြီ။
ဂျပန်နိုင်ငံရဲ့ အီလက်ထရောနစ် ဘီလူးကြီး Toshiba ဟာ ဖေဖော်ဝါရီ ၁၉ မှာ သူ့ရဲ့ HD DVD ဖောမက်ကို ဆက်လက်ပြီး တိုးတက်အောင်မလုပ်တော့ဘူး၊ မထုတ်လုပ်တော့ဘူး၊ ဈေးကွက် မတင်သွင်းတော့ဘူးလို့ ကြေညာပြီး အလံဖြူပြသွားပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သူဟာ ဆိုနီရဲ့ ပြိုင်ဘက် Blu-ray ဖောမက်ကို အနိုင်ရကြောင်း ဝန်ခံသလိုဖြစ်ပြီး Blu-ray ဟာ ပုံထွက်ကောင်း ဒီဗီဒီ ဈေးကွက်မှာ ကမ္ဘာ့စံချိန်စံညွှန်း ဖြစ်လာဖို့ သေချာနေပါတယ်။
အသည်းအသန် ပြိုင်ဆိုင်ကြတဲ့ နှစ်နှစ်တာ ကာလအတွင်းမှာ ဆိုနီနဲ့ Toshiba တို့ဟာ ဟောလီးဝုတ် စတူဒီယိုတွေကို ကိုယ့်ဖောမတ်သုံးအောင် ဆွဲဆောင်ခဲ့ကြပြီး ဂိမ်းခလုတ်ခုံ ထုတ်လုပ်သူတွေကိုလည်း သူတို့ရဲ့ ဓာတ်ပြားတွေကို သုံးစွဲအောင် ကြိုးစားခဲ့ကြပါတယ်။ ဒီစစ်ပွဲဟာ ၁၉၈၀ ကာလတွေဆီက Matsushita ရဲ့ VHS နဲ့ ဆိုနီရဲ့ Betamax ဖောမတ်တွေ ဗီဒီယိုတိတ်ခွေဈေးကွက်မှာ စံချိန်စံညွှန်းဖြစ်အောင် ကြိုးပမ်းခဲ့တာနဲ့ တူနေပါတယ်။
Toshiba ရဲ့ အရာရှိချုပ် အဆူတိုရှီ နီရှီဒါရဲ့ အဆိုအရ HD DVD အတွက် အလဲထိုးနှက်ချက်ဟာ ပြီးခဲ့တဲ့လမှာ ဖြစ်ပွားခဲ့ပါတယ်။ ဒီလမှာ Time Warner ရဲ့ Warner Brothers ရုပ်ရှင်စတူဒီယိုဟာ HD DVD ဖောမက်ကို ပစ်ချပြီး Blu-ray ကိုသာသုံးစွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နီရှီဒါက သူ့ဖြေရှင်းချက်မှာ မကြာသေးမီက Wal-Mart စတိုးဆိုင်တျွေမှာ Toshiba ရဲ့ ဖောမတ်ကို အသုံးပြုတဲ့ ဓာတ်ပြားတွေကို တင်မရောင်းဖို့ ဆုံးဖြတ်ခဲ့တာကိုလည်း ဖော်ပြခဲ့ပါတယ်။
“Warner Brothers ရဲ့ ဆုံးဖြတ်ချက်ဟာ မထင်မှတ်ဘဲ အရှိုက်ကို ဆောင့်ထိုးလိုက်သလိုပဲ” လို့ တိုကျိုက Toshiba ဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ နီရှီဒါက ဆိုပါတယ်။
တိုရှီဘာဟာ သူ့ရဲ့ အကြီးဆုံး လက်တွဲဖော် လက်တွဲဖက်တွေ ဖြစ်ကြတဲ့ Universal နဲ့ Paramount စတူဒီယိုတွေကို အခုလို ဆုံးဖြတ်ကြောင်း အသိပေးထားပြီးပြီလို့ နီရှီဒါက ပြောတယ်။ Toshiba ရဲ့ တခြား လက်တွဲဖော်တွေထဲမှာ Intel နဲ့ Xbox 360 ဂိမ်းစက်တွေပေါ်မှာ HD DVD ကို အသုံးပြုတဲ့ မိုက်ခရိုဆော့ဖ်တို့ ပါဝင်ပါတယ်။
မစ္စတာ နီရှီဒါက Toshiba အနေနဲ့ HD DVD ထုတ်တဲ့ လုပ်ငန်းကို မတ်လကုန်မှာ ရပ်ဆိုင်းမှာ ဖြစ်ကြောင်းနဲ့ ဝန်ဆောင်မှုပေးတာကိုတော့ ဆက်လုပ်မှာဖြစ်ကြောင်းကို ပြောပါတယ်။ သူက Blu-ray စက်တွေကို စတင်ထုတ်လုပ်ဖို့ အစီအစဉ် မရှိကြောင်းကိုလည်း ပြောပါသေးတယ်။
HD DVD ထုတ်လုပ်မှုကို ရပ်ဆိုင်းဖို့ ကြေညာတဲ့ရက်မှာပဲ Toshiba ဟာ ဂျပန်နိုင်ငံမှာ အမေရိကန် ကုမ္ပဏီ San Disk နဲ့ပေါင်းပြီး ဒေါ်လာ ၁၆ ဘီလီယန်တန် flash memory စက်ရုံနှစ်ရုံဆောက်ဖို့ စီစဉ်နေကြောင်း ကြေညာသွားပါတယ်။
နယူးဇီလန်မှာ ပရိုဂရမ်မာတွေဟော့နေ
February 19, 2008 by sandahaungအရည်အချင်းရှိတဲ့ အိုင်တီသမားတွေ နယူးဇီလန်မှာ ပြတ်လပ်နေတာ ဒီနှစ်မှာ အခုအထိတော့ လျော့ကျသွားမယ့် အရိပ်အယောင် မမြင်ရသေးဘူးလို့ အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီ Robert Walters ရဲ့ အိုင်တီဌာနက တွဲဖက်ဒါရိုက်တာ Steve Gillingwater က ဆိုပါတယ်။
အခြေအနေဟာ ပြောင်းလဲသွားတယ် ဆိုရင်တောင် အခုထက် ပိုမိုပြီး လွန်ကဲလာစရာပဲရှိတယ်လို့ သူကပြောတယ်။ ဝန်ထမ်းတွေနဲ့ အလုပ်ရှင်တွေဟာ ရှိပြီးသား ပညာရှင်တွေ သူများဆီ မရာက်အောင် နည်းလမ်းတွေကို ရှာဖွေရပါမယ်။
ဝန်ထမ်းလေ့ကျင့်ရေး အစီအစဉ်တွေနဲ့ ချောင်ချိတဲ့ အလုပ်ချိန်ပေးတာလို ငွေကြေးနဲ့ မဆိုင်တဲ့ အခွင့်အရေးတွေပေးပြီး လက်ရှိ အိုင်တီဝန်ထမ်းတွေကို ထိမ်းထားနိုင်သလို ဝန်ထမ်းသစ်တွေကိုလည်း ဆွဲဆောင်နိုင်လိမ့်မယ်လို့ သူကရှင်းပြတယ်။
“ပါဝါက အလုပ်လျှောက်တဲ့သူဆီ ရောက်သွားတယ်။ အလုပ်ရှင်တွေ သဘောကျတဲ့သူမှာ ရွေးစရာ အလုပ် သုံးလေးခုရှိရင် အလုပ်ရှင်က လုပ်မယ့်သူကို ပြန်ဆွဲဆောင်ရတယ်။”
အလုပ်ရှင်လက်ထဲကနေ အလုပ်လျှောက်သူရဲ့ လက်ထဲကို ပါဝါရောက်သွားတဲ့ ဥပမာကို ကြည့်ချင်ရင် SAP သမားလိုအပ်ချက်တွေ တစ်ဟုန်ထိုးများပြားလာတာကို ကြည့်ရမယ်လို့ Gillingwater ကပြောတယ်။
“ဒီကနေ့မှာတော့ ကျွန်တော်တို့ဟာ သူတို့ကို ရွှေလိုသဘောထားတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းက သူတို့ဟာ အင်မတန်ပေါများနေလို့ ဘာမှမဟုတ်တဲ့ အလုပ်ကလေးအတွက် ယှဉ်ပြိုင်ကြရတယ်။ တခြားနိုင်ငံသွားပြီး အလုပ်လုပ်ရတာတွေလည်း အများကြီးရှိခဲ့တယ်။”
အိုင်တီလောကအနေနဲ့ အဲဒီသုံးနှစ်အတွင်းမှာ အမှီလိုက်လာနိုင်ပြီး SAP ကို လက်ခံလာတာနဲ့အမျှ လုပ်ငန်းတော်တော်များများဟာ SAP ကို ပိုမို အကောင်အထည်ဖော်လာနိုင်ပြီး SAP လုပ်သား လိုအပ်ချက်တွေ တအားများလာပါတယ်လို့ သူကဆိုတယ်။
“ဥပမာအားဖြင့် တယ်လီကွန်လုပ်ငန်းတွေမှာ SAP ကို အကောင်အထည်ဖော် အသုံးချဖို့ ဒါရိုက်တာအဖွဲ့က ဆုံးဖြတ်ချက်ချလာကြတယ်။”
Robert Walters က နှစ်စဉ်ပြုလုပ်မြဲဖြစ်တဲ့ Global Salary Survey မှာ ၂၀၀၈ အတွင်း နယူးဇီလန်က ERP ဝန်ထမ်းတွေဟာ အားကျလောက်စရာ လစာတိုးနှုန်းတွေကို ခံစားနိုင်စရာရှိကြောင်း ခန့်မှန်းထားပါတယ်။
ERP ပရောဂျက်မန်နေဂျာတွေရဲ့ တစ်နှစ်အတွင်း လစာတွေဟာ မနှစ်က နယူးဇီလန်ဒေါ်လာ ၉၀၀၀၀ နဲ့ ၁၃၀၀၀၀ အတွင်းရှိရာက ဒီနှစ်မှာ ဒေါ်လာ ၁၀၀၀၀၀ ကနေ ၁၄၀၀၀၀ အထိတိုးလာနိုင်ကြောင်း တွေ့ရှိရပါတယ်။ နည်းပညာဆိုင်ရာ ERP အတိုင်ပင်ခံတွေ၊ လုပ်ငန်းဆိုင်ရာ ERP အတိုင်ပင်ခံတွေနဲ့ စီးပွားရေး ပညာရှင်တွေလည်း လစာတွေတိုးလာနိုင်ကြောင်းဆိုပါတယ်။
လစာတိုးဖို့ သေချာတဲ့ တခြားနယ်ပယ်တွေကတော့ ဒေတာဘေ့စ် စီမံအုပ်ချုပ်သူတွေဖြစ်ကြပြီး အထူးသဖြင့် Oracle သမားတွေဟာ လစာအများဆုံးတိုးမှာဖြစ်ကြောင်း သိရပါတယ်။ Java နဲ့ .Net ပရိုဂရမ်မာတွေလည်း ဝင်ငွေပိုရလာစရာရှိတာလည်း သေချာပေါက်ပါပဲ။
“နယူးဇီလန်ကုမ္ပဏီတွေဟာ အွန်လိုင်းကနေ ပိုပြီးအလုပ်လုပ်လာကြတဲ့အတွက် အင်တာနက် ပရိုဂရမ်းမင်းကို အကြီးအကျယ်လိုအပ်လာပါတယ်။”
လုပ်သက်ခြောက်နှစ်ကျော် အတွေ့အကြုံရှိတဲ့ Oracle သမားတွေဟာ Auckland မြို့မှာ မနှစ်က လစာ ဒေါ်လာ ၇၀၀၀၀ ကနေ ၈၀၀၀၀ ရနိုင်ခဲ့ပြီး ဒီနှစ်မှာတော့ ဒေါ်လာ ၈၅၀၀၀ ကနေ ၁၁၀၀၀၀ အထိ လစာငွေတွေ မျှော်မှန်းနိုင်ကြောင်းသိရပါတယ်။ Wellington မြို့မှာတော့ Oracle သမားတွေဟာ မနှစ်က ဒေါ်လာ ၇၀၀၀၀ ကနေ ၁၀၀၀၀၀ ရခဲ့ပြီး ဒီနှစ်မှာတော့ ၉၀၀၀၀ ကနေ ၁၃၀၀၀၀ အထိ ရနိုင်ပါတယ်။ အတွေ့အကြုံမရှိသေးတဲ့ Oracle သမားတွေလည်း လစာ တက်လာပါလိမ့်မယ်။
စစ်တမ်းရဲ့ မှတ်ချက်အရ “Wellington ရဲ့ အိုင်တီဈေးကွက်ဟာ အများပိုင် လုပ်ငန်းတွေနဲ့ ပုဂ္ဂလိကပိုင် လုပ်ငန်းမှာ အကြီးစား ပရောဂျက်တွေအတွက် ဆက်လက်ရင်းနှီးမြှုပ်နှံနေတာကြောင့် မနှစ်ကအထိ မြူးတူးနေတုန်းပဲ ရှိနေပါသေးတယ်။ စာချုပ်နဲ့ခေါ်တဲ့ အိုင်တီသမား အရေအတွက်ရော၊ အမြဲတမ်းတမ်းခန့် အရေအတွက်ပါ ၂၀၀၈ တစ်လျှောက်လုံး တိုးတက်လာပါလိမ့်မယ်။”
Auckland မှာတော့ “ဈေးကွက်ဟာ အကောင်းမြင်နေပုံရတယ်” လို့ Gillinwater က ဆိုပါတယ်။
“ပရောဂျက်အသစ်တွေ ထပ်လုပ်ဖို့နဲ့ အသစ်အသစ်တွေကို အကောင်အထည်ဖော်ဖို့တွေကို ပြောသံတွေ တော်တော်ကြားရတယ်။ ဝန်ထမ်းထပ်ခေါ်ဖို့ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတာတွေ နည်းသွားတယ်။”
အလုပ်ရှင်တွေဟာ ဝန်ထမ်းရှာဖို့ နယူးဇီလန်ပြင်ပကို စဉ်းစားနေကြတယ်လို့ သူကဆိုတယ်။
“သုံးလတစ်ခါလောက် ယူကေသွားပြီး ဝန်ထမ်းသွားရှာကြတယ်။ ကျွန်တော်တို့ရဲ့ ယူကေဒေတာဘေ့စ်မှာ အလုပ်လျှောက်သူ ၅၀၀၀ လောက်ရှိပြီး အများစုကတော့ နယူးဇီလန်ကနေ ပြောင်းရွှေ့သွားသူတွေပါ။”
နယူးဇီလန် လူနေမှုဘဝနဲ့ အိုင်တီအလုပ်ကို သဘောကျလို့ ယူကေကနေ နယူးဇီလန်ကို ပြောင်းနေချင်သူတွေလည်း ရှိတယ်လို့ သူကပြောတယ်။
အင်္ဂလိပ်ဘာသာစကားကို မိခင်ဘာသာစကားနေနဲ့ မသုံးစွဲကြတဲ့ ဝန်ထမ်းတွေကိုလည်း အလုပ်ခန့်ဖို့ လုပ်ငန်းရှင်တွေက စိတ်အားထက်သန်နေတယ်လို့ သူကဆိုတယ်။
တချို့လုပ်ငန်းရှင်တွေက အချိန်ပိုင်း အလုပ်တွေကို ကမ်းလှမ်းလာပြီး မိခင်ငယ်တွေနဲ့ ပင်စင်စားတွေလို လုပ်ငန်းခွင်နဲ့ ဝေးကွာသူတွေကိုပါ ပြန်ခေါ်ဖို့ ကြိုးစားနေပါတယ်။
Web 2.0 သမားတွေအတွက် Sun ရဲ့ အစီအစဉ်
February 16, 2008 by sandahaungSun ရဲ့ CEO Jonathan Schwartz ဟာ Solaris, Java, virtualization နဲ့ MySQL ကို ပေါင်းလိုက်ရင် ဆော့ဖ်ဝဲရေးသားဖို့အတွက် အကောင်းဆုံးဖြစ်တယ်လို့ ပြောဆိုနေပါတယ်။
Sun Microsystems ဟာ မျိုးဆက်သစ် အင်တာနက်ကုမ္ပဏီတွေကို သူထုတ်လုပ်တဲ့ hardware တွေ၊ ဆော့ဖ်ဝဲတွေနဲ့ တပ်ဆင်ပေးလိုပြီး ဒီကုမ္ပဏီတွေ အနေနဲ့ စားရိတ်လျှော့ချနိုင်အောင်၊ ဒေတာစင်တာတွေကို ပိုပြီး လိုက်လျောညီထွေရှိစေအောင်နဲ့ ဆော့ဖ်ဝဲရေးသားရာမှာ များပြားတဲ့ ရေးသားပတ်ဝန်းကျင်တွေကို သုံးနိုင်အောင် virtualization ထုတ်ကုန်တွေကို ရောင်းချမယ်လို့ ဆိုပါတယ်။
Virtualization ဆိုတာ မတူညီတဲ့ Windows, Linux, Solaris အစရှိတဲ့ ကွန်ပျူတာစနစ်အမျိုးမျိုးကို တွဲဖက်ချိတ်ဆက်ပြီး ဆော့ဖ်ဝဲတွေ run နိုင်အောင် စုစည်းပေးတဲ့ စနစ်ပါ။ ကွန်ပျူတာ တစ်ခုတည်းပေါ်မှာ OS အမျိုးမျိုးကို တစ်ပြိုင်တည်း သုံးနိုင်အောင် ဆောင်ရွက်ပေးတဲ့ စနစ်မျိုးကိုလည်း virtualization လို့ ခေါ်ပါသေးတယ်။
နိုင်ငံတကာ မီဒီယာကို Sun ရဲ့ စီးပွားရေး အစီအစဉ်တွေအကြောင်း ရှင်းပြဖို့ နှစ်စဉ် ပြုလုပ်မြဲဖြစ်တဲ့ Global Summit မှာ Schwartz က ဒီလိုပြောသွားတာပါ။ သူ့ မိန့်ခွန်းမှာ Schwartz က Sun ရဲ့ open source အစီအစဉ်၊ virtualization ဈေးကွက်ကို ၀င်ရောက်တဲ့ အကြောင်းနဲ့ မကြာမီ MySQL ကို ၀ယ်ယူမှာဖြစ်တယ်ဆိုတာကို ရှင်းပြပြီး ဒီလုပ်ရပ်တွေကြောင့် ရှိပြီးသား Web 2.0 ကုမ္ပဏီတွေနဲ့ အနာဂတ် Web 2.0 ကုမ္ပဏီတွေကို ထုတ်ကုန်သစ်တွေနဲ့ ပံ့ပိုးနိုင်လိမ့်လို့ ဆိုပါတယ်။
Virtualization ဆော့ဖ်ဝဲဟာ server သုံးစွဲအားကို မြှင့်တင်ပေးခြင်းအားဖြင့် ဒေတာစင်တာစားရိတ် လျှော့ချရာမှာ အရေးပါတယ်လို့ Schwartz ကပြောတယ်။ Server တွေကို ပေါင်းစည်းပေးတာအပြင် virtualization ဟာ ပတ်ဝန်းကျင် အမျိုးမျိုးကိုချိန်ပြီး စမ်းသပ်ရေးသားနိုင်စေတဲ့ အတွက်လည်း ဆော့ဖ်ဝဲရေးသားသူတွေအတွက်ပါ အထောက်အကူဖြစ်ကြောင်းကိုလည်း ထည့်သွင်းရှင်းပြပါတယ်။ သိပ်မကြာသေးတဲ့ အချိန်လေးကပဲ Sun ဟာ Innotek GmbH ဆိုတဲ့ ဂျာမန်ကုမ္ပဏီငယ်လေးကို သူ့ရဲ့VirutaBox ဆော့ဖ်ဝဲအတွက် ဝယ်ယူမယ်လို့ ကြေညာခဲ့ပါတယ်။ VirtualBox ဟာ ဆော့ဖ်ဝဲရေးသားသူရဲ့ ကွန်ပျူတာ ဒါမှမဟုတ် laptop ပေါ်မှာ Windows, Linux, Solaris 10 OS တွေကို အတုအယောင် ဖန်တီးနိုင်စေပြီး ရေးထားတဲ့ ဆော့ဖ်ဝဲကို စမ်းသပ်နိုင်စေပါတယ်။
ဆော့ဖ်ဝဲရေးသားသူတွေကတစ်ဆင့် တစ်ကမ္ဘာလုံးဆီ
“VirtualBox ကို သုံးပြီးရေးသားတာနဲ့ ရေးပြီးသားဆော့ဖ်ဝဲကို xVM ဆော့ဖ်ဝဲတင်ထားတဲ့ server ပေါ်မှာ ပြောင်းသုံးတာဟာ ဆက်စပ်မှုရှိတယ်” လို့ Schwartz က ပြောပါတယ်။ xVM ဆိုတာ လာမယ့် ဇွန်လမှာ ဖြန့်ချိမယ့် Sun ရဲ့ virtualization ဆော့ဖ်ဝဲပါ။ Virtualization ကိုသုံးပြီး အတုအယောင် ပြုလုပ်ထားတဲ့ ရေးသားမှုပတ်ဝန်းကျင်ဟာ သစ္စာရှိတဲ့ ရေးသားသူတွေ ရရှိစေနိုင်တဲ့ နည်းလမ်းဖြစ်တယ်လို့ Sun က ယုံကြည်ပါတယ်။ ဒီကုမ္ပဏီဟာ Sun Developer Network က တစ်ဆင့် NetBeans ပလက်ဖောင်းပေါ်မှာ Java, PHP, Ruby နဲ့ Perl ဘာသာစကားတွေကို အသုံးပြုဖို့ မက်လောက်စရာ အခြေအနေတွေကို ဖန်တီးပေးပြီးပါပြီ။ Schwartz ရဲ့ စကားအရ Sun ရဲ့ developer ကွန်ရက်ဟာ ရေးသားသူအသစ် တစ်သန်းကျော်ကို အဖွဲ့ဝင်အဖြစ် ရရှိခဲ့ပြီး ဒီရေးသားသူတွေနဲ့ ဆက်ဆံရေး ကောင်းမွန်တာဟာ Sun ရဲ့ ဆော့ဖ်ဝဲတွေကို သူတို့ ဝင်ရောက်လုပ်ကိုင်နေတဲ့ Web 2.0 ကုမ္ပဏီတွေဆီ ရောက်ရှိစေရာမှာ အရေးပါတယ်လို့ သူက ထင်မြင်ပါတယ်။
ဘယ်အရာမဆို Sun Developer Network လို ရေးသားသူ အသိုက်အဝန်းတစ်ခုကို တည်ဆောက်တာနဲ့ စတင်ရတယ်လို့ Schwartz က ယုံကြည်ပါတယ်။
ဇန်နဝါရီလတုန်းက Sun ဟာ MySQL ရီလေးရှင်းနယ် ဒေတာဘေ့စ်ကို ထုတ်လုပ်ရောင်းချနေတဲ့ MySQL AB ကုမ္ပဏီကို ဝယ်ယူမယ်လို့ ကြေညာခဲ့ပါတယ်။ ဒီ ဒေါ်လာတစ်ဘီလီယံတန် ဝယ်ယူမှုဟာ Sun ဆီကို တစ်နေ့ အခါငါးသိန်း download အလုပ်ခံရတဲ့ ဆော့ဖ်ဝဲတစ်ခု ရောက်ရှိလာစေပါမယ်။ Schwartz ရဲ့ ပြောစကားအရ MySQL ကို Sun က ဝယ်မယ်လို့ ကြေညာတဲ့ ရက်ကစလို့ download လုပ်တဲ့ အကြိမ်တွေလည်း တက်လာကြောင်းသိရပါတယ်။ MySQL ကိုဝယ်ယူတာဟာ LAMP လို့ခေါ်တဲ့ open source ရေးသားမှု ပလက်ဖောင်းကို အသုံးပြုပြီး ရေးသားနေတဲ့ ဆော့ဖ်ဝဲသမားတွေကိုလည်း Sun နဲ့ ချိတ်မိစေတယ်လို့ သူက ပြောသေးတယ်။ LAMP ဟာ Linux, Apache, MySQL နဲ့ PHP/Perl တို့ကို အတိုကောက်ပြုထားတာပါ။ ဒီထဲက L ကို အတည့်ယူစရာ မလိုဘူးလို့ သူကပြောသေးတယ်။ Linux နေရာမှာ Sun က Solaris ကို အစားထိုးနိုင်ပြီး တကယ်လည်း အစားထိုးမယ်လို့ သူကဆိုတယ်။
နုပျိုတဲ့ အင်တာနက် ကုမ္ပဏီတွေမှာ လုပ်ကိုင်နေတဲ့ ဆော့ဖ်ဝဲသမားတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို စတင်တည်ဆောက်နိုင်ဖို့ အခမဲ့ download လုပ်ယူရရှိနိုင်တဲ့ open source code ကို အသုံးပြုပြီး Sun ဟာ သူ့ကိုသူ ဈေးကွက်ကို ပြုပြင်ပြောင်လဲနိုင်တဲ့ နည်းပညာ ကုမ္ပဏီအဖြစ် ရပ်တည်သွားမယ်လို့ Schwartz က ပြောတယ်။ Sun ရဲ့ လက်နက်အင်အားမှာ MySQL ပါလာပြီးနောက်မှာ Sun ဟာ မျိုးဆက်သစ် အင်တာနက် ကုမ္ပဏီတွေအတွက် လက်နက်တိုက်သဖွယ် ဖြစ်လာကြောင်းကို Sun ရဲ့ ဆော့ဖ်ဝဲ လက်ထောက်ဥက္ကဌ Rich Green က ရှင်းပြတယ်။
ဒါပေမယ့် Sun ဟာ အသိုက်အဝန်းသစ်တွေကို တည်ဆောက်ရင်း အသိုက်အဝန်းဟောင်းတွေကို ဖြိုလှဲသလို ဖြစ်နေနိုင်ပါတယ်။ Oracle ဟာ သူ့ရဲ့ ဒေတာဘေ့စ်ကို သုံးစွဲလိုတဲ့ ဖောက်သည်တွေကို Sun ရဲ့ Solaris ကို ရောင်းချပေးတဲ့ လက်တွဲဖော်ဟောင်းတစ်ဦးပါ။ ဈေးသက်သာတဲ့ MySQL ထုတ်ကုန်တွေကို ရောင်းချခြင်းအားဖြင့် Sun ဟာ အခုအခါမှာ Oracle ရဲ့ ငွေဝင်ပေါက်ကို သွားပြီးခြိမ်းခြောက်သလို ဖြစ်နေပါတယ်။ “MySQL ဟာ Oracle နဲ့ အတူတစ်ကွ ရှင်သန်နိုင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်ကတော့ ယှဉ်ပြိုင်ဖို့ထက် ဖောက်သည်သစ်တွေရဖို့ ပိုပြီးစိတ်ဝင်စားတယ်” လို့ Schwartz က ရှင်းပြတယ်။
Java အတွက်
February 10, 2008 by sandahaung![]()
ဒီဖက်ခေတ်မှာ ပရိုဂရမ်းမင်းကို လေ့လာလိုက်စားချင်ရင် အဓိကအားဖြင့် လမ်းကြောင်းသုံးခုရှိတယ်လို့ ဆိုနိုင်ပါတယ်။ မိုက်ခရိုဆော့ဖ်လိုင်းကို လိုက်ချင်ရင် .Net ကိုလုပ်၊ OO လိုင်းကို ပြည့်ပြည့်ဝဝ လျှောက်ချင်ရင် Java ကို လိုက်စား၊ လွတ်လပ်မှုကို လိုချင်ရင် open source ကိုယုံကြည်ကိုးစားလို့ ရပါတယ်။
ဝါသနာအရ Java ကို ရူးသွပ်ပြီး၊ ဒဿနသဘောအရ မိုက်ခရိုဆော့ဖ်ကို ဆန့်ကျင်၊ open source ကို ထောက်ခံပေမယ့် ပရိုဂရမ်းမင်းနယ်ပယ်အသီးသီးမှာ အပတ်တကုတ် အားထုတ်နေသူအားလုံးကို ကျွန်တော်က လေးစားပါတယ်။ ဒါပေမယ့် ဒီဘလော့မှာတော့ ကျွန်တော်ချစ်တဲ့ Java ကိုပဲ အဓိကထား တင်ပြဆွေးနွေးသွားပါမယ်။
ဒီနေရာမှာ ပြောပြချင်တာက ကျွန်တော်ဟာ ပရိုဂရမ်းမင်းစစ်ပွဲကြီးတစ်ခုကို စတင်နေတာ မဟုတ်ပါဘူး။ မိတ်ဆွေအနေနဲ့ ထင်မြင်တာကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ပါတယ်။ ဒါပေမယ့် ဒီစာမျက်နှာကို အကြောင်းပြုပြီး ရန်မဖြစ်စေချင်ပါဘူး။
အပြုသဘောနဲ့ ပရိုဂရမ်းမင်းအကြောင်းတွေကို စတင်ဆွေးနွေးကြရအောင်။



